ငါပညတ်သည်ကား၊ ဝိညာဉ်ပကတိအတိုင်းကျင့်ကြလော့။ ထိုသို့ကျင့်လျှင် ဇာတိပကတိ၏အလိုသို့ မလိုက်ဘဲနေကြလိမ့်မည်။
သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးအားဖြင် မျှော်လင့်ခြင်းပါရမီနှင့် ကြွယ်ဝစေခြင်းငှာ၊ ယုံကြည်သောစိတ်ရှိ၍ ဝမ်းမြောက်သက်သာခြင်းအမျိုးမျိုးတို့နှင့် ပြည့်စုံမည်အကြောင်း၊ မျှောင်လင့်ခြင်း၏အရှင်၊ ဘုရားသခင်သည် ကယ်မသနားတော်မူပါစေသော။
ထိုသခင်၏နာမတော်မှတစ်ပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစ်စုံတစ်ခုမျှ ကောင်းကင်အောက်လူတို့တွင် မပေါ်မရှိဟု ပေတရုသည် ထိုသူတို့အား မြွက်ဆို၏။
မခြားမလပ် ဆုတောင်းပတ္ထနာပြုကြလော့။
ထိုသို့သင်တို့သည်လည်း အလုပ်လုပ်၍ အားနည်းသောသူတို့ကို မစရမည်ကိုလည်းကောင်း၊ အစွန့်အကြဲခံခြင်းအရာထက် စွန့်ကြဲခြင်းအရာသည်သာ၍မင်္ဂလာရှိသည်ဟု သခင်ယေရှုမိန့်တော်မူသော စကားတော်ကို အောက်မေ့ရမည်ကိုလည်းကောင်း၊ အရာရာ၌ သင်တို့အား ငါပြသပြီဟု၊-
ထာဝရဘုရားသည် သနားတော်မူ၍ ကရုဏာတော်သည် မကုန်သောကြောင့် ငါတို့သည် ဆုံးရှုံးခြင်းသို့ မရောက်ဘဲနေကြ၏။ နံနက်တိုင်း ကရုဏာတော်အသစ်ကို ခံရကြ၏။ သစ္စာတော်သည် ကြီးမြတ်ပါ၏။
ချစ်သားတို့၊ သင်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်ကြ၏။ ထိုသူတို့ကိုလည်း အောင်ကြပြီ။ အကြောင်းမူကား၊ သင်တို့ဘက်၌ရှိသောသူသည် လောကဘက်၌ရှိသောသူထက် သာ၍ကြီးတော်မူ၏။-
ထိုကြောင့်၊ ငါတို့သည် သနားခြင်း ကရုဏာကိုလည်းကောင်း၊ တော်လျော်သောမစခြင်း ကျေးဇူးတော်ကိုလည်းကောင်း ခံရမည်အကြောင်း၊ ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင် ချည်းကပ်ကြကုန်အံ့။
ကိုယ်အင်္ဂါများကိုလည်း သုစရိုက်လက်နက်ဖြစ်စေ၍၊ ဘုရားသခင်အား ဆက်ကြလော့။ သင်တို့သည် ပညတ်တရားလက်၌မရှိ၊ ကျေးဇူးတရားလက်၌ရှိသောကြောင့် အပြစ်တရားသည် သင်တို့ကို မအုပ်စိုးရ။
ငါ့ကျေးဇူးသည် သင့်အဖို့လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်ဟု မိန့်တော်မူ၏။ ထိုကြောင့် ခရစ်တော်၏ တန်ခိုးသည် ငါ့အပေါ်၌ ကျိန်းဝပ်မည်အကြောင်း ငါ့ကိုယ်၌ အားနည်းခြင်းအဖြစ်ကို ဝမ်းမြောက်သောစိတ်နှင့် ဝါကြွာခြင်းငှာ သာ၍ ငါအလိုရှိ၏။
သူတစ်ပါးချင်းခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရကြလတ္တံ့။
ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သိတော်မူ၏။ ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတ္တံ့။
သို့ရာတွင် ဘုရားသခင်၏ ကျေးဇူးတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို သက်သေခံစေခြင်းငှာ သခင်ယေရှု၏လက်မှ ငါခံခဲ့ပြီးသော ဓမ္မဆရာအမှုတည်းဟူသော ငါဆောင်ရွက်ရသောအမှုကို ဝမ်းမြောက်စွာ ပြီးစီးစေမည်အကြောင်း ထိုညှဉ်းဆဲခြင်းအမှုတစ်စုံတစ်ခုကိုမျှ ငါသည် ပမာဏမပြု ကိုယ်အသက်ကိုလည်း နှမြောခြင်းမရှိ။
ထာဝရဘုရားသည် ကျိုးပဲ့သောစိတ်ရှိသောသူတို့နှင့် နှလုံးကြေကွဲသောသူတို့ကို နီးတော်မူ၏။ နောင်တရှိ၍ စိတ်နှိမ့်ချသောသူတို့ကိုလည်း ကယ်တင်တော်မူ၏။
ထိုကြောင့် ကာလအချိန်တန်လျှင်၊ ဘုရားသခင်သည် သင်တို့ကို ချီးမြှောက်တော်မူမည်အကြောင်း၊ တန်ခိုးကြီးသော လက်တော်အောက်၌ ကိုယ်ကိုကိုယ် နှိမ့်ချကြလော့။
စုံစမ်းနှောင့်ယှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိ၏။ အအကြောင်းမူကား၊ စစ်ကြောစုံစမ်းခြင်းကို ခံပြီးမှ သခင်ဘုရားကို ချစ်သောသူတို့အား ကတိတော်ထားတော်မူသော အသက်သရဖူကို ရလိမ့်မည်။
ယုံကြည်ခြင်းသည် မျှော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏။ မမြင်သေးသောအရာတို့ကို
သိမှတ်စွဲလမ်းခြင်းအကြောင်းဖြစ်၏။
သင်တို့တွင် ကောင်းသောအမှုကို ပြုစပြုတော်မူသောသူသည်၊ ယေရှုခရစ်၏ နေ့ရက်တိုင်အောင်
ပြီးစီးလျက် ပြုတော်မူမည်ဟု ငါသဘောကျ၏။
အကျွန်ုပ်ကို အထံတော်ထဲက နှင်ထုတ်တော်မမူပါနှင့်။ သန့်ရှင်းသောဝိညာဉ်တော်ကို ရုပ်သိမ်းတော်မမူပါနှင့်။
ကယ်တင်တော်မူခြင်းနှင့်ယှဉ်သော ဝမ်းမြောက်ခြင်းအခွင့်ကို ပြန်၍ပေးသနားတော်မူပါ။
ကြည်ညိုသောစေတနာစိတ်သဘောသည် အကျွန်ုပ်ကိုထောက်မပါစေသော။
တောခွေးစုထဲသို့ သိုးတို့ကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။
ထိုကြောင့် သင်တို့သည် မြွေကဲ့သို့ လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက်ရှိကြလော့။
သမင်ဒရယ်သည် ရေစီးသောချောင်းကို တောင့်တသကဲ့သို့၊
အကျွန်ုပ်ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တပါသည် ဘုရား
အိုဘုရားသခင်၊ အကျွန်ုပ်ကို စစ်ကြော၍၊ အကျွန်ုပ်နှလုံးကို သိမှတ်တော်မူပါ။
စုံစမ်း၍ စိတ်အထင်များကိုလည်း သိမှတ်တော်မူပါ၊
ဆိုးသောလမ်းသို့ အကျွန်ုပ်လိုက်သည် မလိုက်သည်ကို ကြည့်ရှု၍၊ ထာဝရလမ်းထဲသို့ သွေးဆောင်တော်မူပါ။